Friday, May 16, 2008

နာဂစ်နှင့် စကားပြောခြင်း

ကယ်ကြပါ…
ကယ်ကြပါတဲ့
ဝိဥာဉ်တွေရဲ့ အော်ဟစ်သံ
ကောင်းကင်နဲ့မြေကြီးကြားပဲ့တင်ထပ်…။
“မငိုနဲ့သားလေးရာ
မင်း..အမေနို့ပြန်တိုက်မှာပေါ့ မကြာခင်”
ရင်သွေးကိုပွေ့
ကိုယ်တိုင်က တွေ့ နိုးနိုး
မြစ်ရိုးတလျှောက် စုန်ချည်ခေါက်တုန့်
ခေါင်းမငုံ့အား သက်ထားကိုရှာ
အလောင်းများစွာကြား
ဝမ်း ဗလာနဲ့ သူ့ ခမျာ..။

လောက ငရဲကို မာန်နတ် နဲ့ ဖဲရှုံး လို့
ပြုံးပြုံးကြီးဖန်တီးခွင့်ပေးလိုက်တာလား
ဘုရားသခင်…။

သင်ပြန်ကြည့်ပါဦးတော့…
နာဂစ်ဟာ
ဘ၀တွေကို တစပြင်နဲ့ ထားခဲ့ပြီ..။
တကယ်တော့ နာဂစ်ဟာ
ဘာသစ္စာမှမရှိတဲ့ မိစ္ဆာတွေရဲ့
ဖိတ်စာနဲ့ …
နွမ်းပါးတဲ့အိပ်ယာတွေကို စုတ်ဖြဲလို့
ငရဲတစ်ခုကိုဖန်တီးခဲ့ပြီ…
အဲဒီ ငရဲမှာ အသည်းတွေကြွေတယ်
အသက်တွေသေတယ်
မျက်ရည်ဝေတယ်…
အဲဒီမျက်ရည်တွေဟာ နင့်ကိုပြန်နှစ်သတ်လို့ရတယ်
နာဂစ်ရဲ့ ….။

ကျန်ရစ်သူတွေကို မျက်နှာမာနဲ့
နာဂစ်ရဲ့ ငရဲသားတွေက
အမဲသားတွဲ ခွေးဆွဲသလို
သဲသဲမဲမဲ ဆက်အမဲဖျက်နေပြီ…။

ဟကောင် နာဂစ်ရေ
ငါတို့ဟာလဲ တကယ်တော့
အပူသည်တွေသက်သက်ပါပဲ
ငိုလိုက် ညည်းလိုက် ဇာတ်တိုက်သလို
အော်လိုက်ဟစ်လိုက် မောဟိုက်
ပါးစပ်တိုက်ပွဲတွေနဲ့
လူလားမြောက်ခဲ့ကြတော့
နာဂစ်က ပေါ့ပေါ့လေး ရယ်တာပေါ့
အသက်တွေကိုကျော့ကျော့လေးနှုတ်ယူသွားရင်း
အုတ်ဂူရှားတဲ့ ဒို့နိုင်ငံမှာ
ငါဟာ မြေသြဇာတွေ ဖန်တီးသူလို့တောင်
မျက်နှာပြောင်နဲ့ ဂုဏ်ယူနေဦးတော့…။


သုံးမရတဲ့
ကြိတ်မနိုင် ခဲမရ ဒေါသတွေနဲ့
ကုလားမနိုင်ရခိုင်မဲကြရင်း
သီချင်းတွေဆိုလိုက် ကဗျာတွေစပ်လိုက်
တကယ်တော့ ခွေးမိုက်ဆိုတာ ဖက်ကိုက်ဖို့မလိုပေမယ့်
တက်တိုက်ဖို့လိုနေတာ အားလုံးအသိ
သူ့ကြည့်ကိုယ့်ကြည့် ဟန်ချက်တွေကိုကြည့်လို့
သိသလောက်အပြစ်တင်ဖို့နဲ့ အားတွေကုန်ခမ်းခဲ့ကြတာလေ..။

နာဂစ်ရေ ဘာဖြစ်နေလဲ
မမေးတော့ဘူးဟေ့..
နင်ဘာလို့များ..
အားမတန်မာန်လျှော့ဆိုတဲ့
ငါတို့ အကျင့်ဆိုးကို ဖျက်ချိုးမသွားခဲ့သလဲ..

လည်စင်းခံတတ်ကြတဲ့ငါတို့တွေရဲ့စိတ်ဓါတ်ကို
ဘာလို့ တခါထဲ မသတ်ခဲ့သလဲ နာဂစ်ရာ
အဲဒါဆို..ကိုယ့်အနာဂတ် ကိုယ်ဖန်တီးလို့
ရဲရဲကြီး လူဖြစ်ခွင့်ကို နောက်မျိုးဆက်တွေ ရကြမှာ….။




ကိုမွှေး

No comments: