Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Thursday, May 22, 2008

ဗိုက်ပြည့်ရေးတိုက်ပွဲ

မခံကြနဲ့  အငတ် ၊
ပြန်ချဟဲ့အပြတ် ၊
သံသယနဲ့ရပ်မနေနဲ့ ..။

စစ်တပ်ဆိုတာ သတ်ယုံသတ်ရဲတဲ့ကောင်တွေ
ငဒို့ မှာဆုံးရှုံးစရာ
ဘ၀ဆိုးကြီးကလွဲလို့
ငရဲမရှိ....။

ကိုမွှေး

Tuesday, May 20, 2008

ဝါးကူထိုးခံရတဲ့ရေနစ်သူများ



လှုပ်လေ..
မြုပ်လေ ...
နစ်နေပြီးသား ပါဗျာ ...။

အဲဒီရွှံ့ ပုတ်ထဲက
အားကိုးရာမဲ့လက်တွေကို
ဘယ်လိုအငြိုးနဲ့
ရိုက်ချိုး လိုက်တာလဲ...။

မျက်ရည်တွေဝဲလို့
အခဲမကျေတဲ့စိတ်မရှိ
သူတို့သိတာ တဂါထာ
“ကယ်ကြပါ” တဲ့ “ကယ်ကြပါ”..။


ကိုမွှေး

Friday, May 16, 2008

Are we ?

It’s silent…
like an electric chair
in the early twentieth century prison
where there we are
and it’s called Myanmar.

We live there as empty beer cans
there as, again and again recycled
stained and wasted-wrecked-papers
there as chewed straws
and there,
mad cows are still chewing
and chewing
where there we are,
and it’s called Myanmar.

Frighteningly we breathe
with doubts
to doubt our souls…!
we pound ourselves
with eternal interest
we wrap ourselves
with deepest wounds
and we reproach ourselves
with our needle-tip-egos
with our splendid inferiorities
and with our molested souls
where there we are
and it’s called Myanmar.

Ko Hmway

already posted on http://drlunswe.blogspot.com/2007/11/are-we.html

နာဂစ်နှင့် စကားပြောခြင်း

ကယ်ကြပါ…
ကယ်ကြပါတဲ့
ဝိဥာဉ်တွေရဲ့ အော်ဟစ်သံ
ကောင်းကင်နဲ့မြေကြီးကြားပဲ့တင်ထပ်…။
“မငိုနဲ့သားလေးရာ
မင်း..အမေနို့ပြန်တိုက်မှာပေါ့ မကြာခင်”
ရင်သွေးကိုပွေ့
ကိုယ်တိုင်က တွေ့ နိုးနိုး
မြစ်ရိုးတလျှောက် စုန်ချည်ခေါက်တုန့်
ခေါင်းမငုံ့အား သက်ထားကိုရှာ
အလောင်းများစွာကြား
ဝမ်း ဗလာနဲ့ သူ့ ခမျာ..။

လောက ငရဲကို မာန်နတ် နဲ့ ဖဲရှုံး လို့
ပြုံးပြုံးကြီးဖန်တီးခွင့်ပေးလိုက်တာလား
ဘုရားသခင်…။

သင်ပြန်ကြည့်ပါဦးတော့…
နာဂစ်ဟာ
ဘ၀တွေကို တစပြင်နဲ့ ထားခဲ့ပြီ..။
တကယ်တော့ နာဂစ်ဟာ
ဘာသစ္စာမှမရှိတဲ့ မိစ္ဆာတွေရဲ့
ဖိတ်စာနဲ့ …
နွမ်းပါးတဲ့အိပ်ယာတွေကို စုတ်ဖြဲလို့
ငရဲတစ်ခုကိုဖန်တီးခဲ့ပြီ…
အဲဒီ ငရဲမှာ အသည်းတွေကြွေတယ်
အသက်တွေသေတယ်
မျက်ရည်ဝေတယ်…
အဲဒီမျက်ရည်တွေဟာ နင့်ကိုပြန်နှစ်သတ်လို့ရတယ်
နာဂစ်ရဲ့ ….။

ကျန်ရစ်သူတွေကို မျက်နှာမာနဲ့
နာဂစ်ရဲ့ ငရဲသားတွေက
အမဲသားတွဲ ခွေးဆွဲသလို
သဲသဲမဲမဲ ဆက်အမဲဖျက်နေပြီ…။

ဟကောင် နာဂစ်ရေ
ငါတို့ဟာလဲ တကယ်တော့
အပူသည်တွေသက်သက်ပါပဲ
ငိုလိုက် ညည်းလိုက် ဇာတ်တိုက်သလို
အော်လိုက်ဟစ်လိုက် မောဟိုက်
ပါးစပ်တိုက်ပွဲတွေနဲ့
လူလားမြောက်ခဲ့ကြတော့
နာဂစ်က ပေါ့ပေါ့လေး ရယ်တာပေါ့
အသက်တွေကိုကျော့ကျော့လေးနှုတ်ယူသွားရင်း
အုတ်ဂူရှားတဲ့ ဒို့နိုင်ငံမှာ
ငါဟာ မြေသြဇာတွေ ဖန်တီးသူလို့တောင်
မျက်နှာပြောင်နဲ့ ဂုဏ်ယူနေဦးတော့…။


သုံးမရတဲ့
ကြိတ်မနိုင် ခဲမရ ဒေါသတွေနဲ့
ကုလားမနိုင်ရခိုင်မဲကြရင်း
သီချင်းတွေဆိုလိုက် ကဗျာတွေစပ်လိုက်
တကယ်တော့ ခွေးမိုက်ဆိုတာ ဖက်ကိုက်ဖို့မလိုပေမယ့်
တက်တိုက်ဖို့လိုနေတာ အားလုံးအသိ
သူ့ကြည့်ကိုယ့်ကြည့် ဟန်ချက်တွေကိုကြည့်လို့
သိသလောက်အပြစ်တင်ဖို့နဲ့ အားတွေကုန်ခမ်းခဲ့ကြတာလေ..။

နာဂစ်ရေ ဘာဖြစ်နေလဲ
မမေးတော့ဘူးဟေ့..
နင်ဘာလို့များ..
အားမတန်မာန်လျှော့ဆိုတဲ့
ငါတို့ အကျင့်ဆိုးကို ဖျက်ချိုးမသွားခဲ့သလဲ..

လည်စင်းခံတတ်ကြတဲ့ငါတို့တွေရဲ့စိတ်ဓါတ်ကို
ဘာလို့ တခါထဲ မသတ်ခဲ့သလဲ နာဂစ်ရာ
အဲဒါဆို..ကိုယ့်အနာဂတ် ကိုယ်ဖန်တီးလို့
ရဲရဲကြီး လူဖြစ်ခွင့်ကို နောက်မျိုးဆက်တွေ ရကြမှာ….။




ကိုမွှေး

Tuesday, May 13, 2008

နအဖ ဇာတ် သိမ်း

ပြည်သူကို လှူ
ကြံ့ဖွတ် ယူသည်
အသင်ငုံ့ ခံ
လှည့်ပြန်မလား…။

ပြည်သူကိုပေး
စစ်ခွေး လွေးသည်
ကြည်ဖြူတိတ်ဆိတ်
ပြန်အိပ်မှာလား…။


လှူသူကိုဖမ်း
ကြမ်းတမ်းခြိမ်းခြောက်
သေနတ်ထောက်ကာ
ဒုတ်မိုးရွာသည်
နောက်ဆုတ်မည်လား…။


ကဲ…..ခံလိုက်မလား
ပြန်တိုက်မလား
တပြည်လုံးအားနဲ့
ပြည်ဖုံးကားချ………။


ကိုမွှေး

Monday, May 12, 2008

ဒုက္ခသည် အမှတ် တစ်သန်းခြောက်သောင်း

အစာမရှိတဲ့ ၀မ်းဟောင်းလောင်းနဲ့အလောင်းလေး တွေကြား
အစာမရှိတဲ့ ၀မ်းဟောင်းလောင်းနဲ့
သားပျောက်လင်ဆုံး အမေဟာ
ရှာနေသတဲ့
မျက်ရည်တွေနဲ့............။
မျက်ရည်တွေနဲ့..... ။
ရေသောက်စရာမရှိတဲ့သူ့မှာ...............
သူ့ မျက်လုံးထဲက မျက်ရည်ပူတွေနဲ့.....။

သူ့ မျက်လုံးထဲက မျက်ရည်ပူတွေ ကြားမှာ
ဝိုးတ၀ါးမြင်ရတဲ့ အလောင်းလေးတွေကြား.........
ငါ့သားလေးများ ပါမလား...............
ငါ့သားလေးများပါမလားနဲ့ ....
လဲပြိုကျသွားခဲ့ရတယ်...။

သူကိုယ်တိုင်
မျက်ရည်စတွေကြွေလို့
ဆုံးပါးသွားရပြန်ပေါ့.............။

ကိုမွှေး

မုန်တိုင်းဘေးတွင်အသက်ရှင်ကျန်နေသေးသော်လည်း မျှော်လင့်ချက် ပါးလျနေရသည့် ဒုက္ခသည်များ အတွက်ရေးဖွဲ့ ပါသည်။

Friday, May 9, 2008

ဓါးတရား

ဒို့ သွေး ဒို့သား
သွေးချင်းများနဲ့
ဒို့ဘုရားလည်း
ပျောက်ကွယ်ဆိတ်သုန်း အမှောင်ဖုံးပြီ
မျက်ရည်ကိုသုတ် ဓါးကို ထုတ်
ယုတ်မာသူကို သုတ်သင်လော့...။

ကိုမွှေး